ကျောက်ကပ်အတွက် Glomerular Filtration Rate ဆေးစစ်ချက်အကြောင်း
ကျောက်ကပ်တွေ "ကောင်းကောင်း အလုပ်လုပ်ရဲ့လား"လို့ သွေးဖောက်စစ်တဲ့ ဆေးစစ်ချက်တစ်မျိုး ဖြစ်ပါတယ်။ ကျောက်ကပ်တွေမှာ Glomeruli လို့ ခေါ်တဲ့သေးငယ်တဲ့စကာ (filter) လေးတွေ ရှိပါတယ်။ ဒီ filter တွေဟာ အညစ်အကြေးနဲ့ အရည်ပိုတွေကို သွေးထဲကနေ ဖယ်ရှားပါတယ်။ GFR test က ကျောက်ကပ်ရဲ့ စကာတွေကနေ သွေးဘယ်လောက်ပမာဏက တစ်မိနစ်မှာ ဖြတ်သန်းလဲလို့ စစ်ဆေးတိုင်းတာတာဖြစ်ပါတယ်။
GFR ကို တိုက်ရိုက်တိုင်းတာလို့ ရနိုင်သလို ခန့်မှန်း estimated GFR ( eGFR) ဆိုပြီး သွေးတွင်း Creatinine ပမာဏကို formula ပုံသေနည်းထဲထည့်ကာ တွက်ချက်လို့ရပါတယ်။ ပုံသေနည်းနဲ့ တွက်ဖို့အတွက်
- သွေးတွင်းCreatinine ပမာဏ သွေးအဖြေ
- အသက်
- ကိုယ်အလေးချိန်
- အရပ်
- ကျား/မ
- လူမျိုး စတဲ့အချက်အလက်တွေပါ ထည့်သွင်းပြီး ကျောက်ကပ်ရဲ့ eGFR ကို တွက်လို့ရပါတယ်။
GFR က ဘာအတွက် အသုံးဝင်တာလဲ?
GFR သွေးစစ်ချက်ကနေ ကုသလို့ရနိုင်သေးတဲ့အချိန်မှာ ကျောက်ကပ်ရောဂါရဲ့ ကနဦးအစပိုင်းကာလကို စောလျင်စွာ သိရှိသွားရပါတယ်။ နောက်ပိုင်း နာတာရှည်ကျောက်ကပ်ရောဂါသည်တွေရဲ့ ကျောက်ကပ်ပျက်စီးနိုင်တဲ့ အခြေအနေတွေ (သွေးတိုးရောဂါ၊ ဆီးချိုရောဂါ) မှာလည်း ကျောက်ကပ်ရဲ့ လုပ်ငန်းတွေ ကောင်းသေးလား၊ ပိုဆိုးလာပြီလား စသည်ဖြင့် စောင့်ကြည့်ခန့်မှန်းနိုင်ပါတယ်။
ဘာကြောင့် GFR သွေးစစ်ချက်ကို လိုအပ်တာလဲ?
အစောပိုင်းကာလ ကျောက်ကပ်အားနည်းချိန်မှာ လက္ခဏာတွေ မပြသသေးပါ။ အကယ်၍ ကိုယ့်မှာ ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းတွေရှိနေရင် ပုံမှန်ဆေးစစ်ချက်ထဲမှာ GFR ပါနိုင်ရင် ကောင်းပါတယ်။
ကျောက်ကပ်ပျက်စေတဲ့ အကြောင်းတရားတွေကတော့
- ဆီးချိုသွေးချိုရောဂါ
- သွေးတိုးရောဂါ
- မိသားစုထဲမှာ ကျောက်ကပ်မကောင်းတဲ့ ပြသာနာ ရာဇဝင်ရှိရင်
- ဆီးသွားတာ ခါတိုင်းထပ် နည်းတာ၊ များတာ
- အသားယားတာ
- မောပန်းလွယ်တာ
- လက်မောင်း၊ ခြေထောက်၊ ခြေဖဝါးတွေ ဖောယောင်တာ
- ကြွက်တက်တာ
- ပျို့အန်တာ
- အစားအသောက်ပျက်တာ စတဲ့အချက်တွေ ဖြစ်ပါတယ်။
GFR ဆေးစစ်ချက်ဆိုတာ ဘယ်လိုမျိုးလဲ?
တခြား သွေးဖောက်စစ်တဲ့ ဆေးစစ်ချက်တွေလိုပဲ လက်မောင်းကနေ သွေးအနည်းငယ်ယူပြီး စစ်ဆေးတာပါ။ အစားရှောင်တာမျိုး (fasting) လည်း ကြိုလုပ်စရာ မလိုပါဘူး။
GFR အဖြေရဲ့ ကောက်နုတ်ချက်က ဘာလဲ?
အဖြေ သုံးမျိုးရှိပါမယ်။
Normal (ပုံမှန်) ဆိုရင် သင့်မှာ ကျောက်ကပ်ရောဂါ မရှိတာ သေချာသလောက်ပါပဲ
Below normal (ပမာဏနည်းရင်)ဆိုရင် သင့်မှာ ကျောက်ကပ်ရောဂါ ရှိနေနို်င်ပါတယ်
Far Below normal(ပမာဏ အတော့်ကို နည်းရင်) ဆိုရင် သင့်မှာ ကျောက်ကပ် ပျက်နေနိုင်ပါတယ်။
ကျောက်ကပ်ပျက်စီးပြီဆိုရင် ပြန်မပြုပြင်နိုင်ပေမဲ့ နောက်ထပ် မပျက်စီးအောင် ကာကွယ်နိုင်ပါသေးတယ်။
- သွေးတိုးရှိရင် သွေးပေါင်ချိန်အတွက် ဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း စနစ်တကျ မပျက်မကွက်သောက်ပါ။ သွေးပေါင်ချိန်ကို ထိန်းထားပါ။
- ဆီးချိုရှိရင်လည်း ထိုနည်းတူ သွေးတွင်းသကြားဓာတ်ကိုပုံမှန်ဖြစ်အောင် ထိန်းထားပါ။
- ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပါ။
- ကိုယ်အလေးချိန်ထိန်းပါ။
- အရက်လျှော့ပါ။
- ဆေးလိပ်ဖြတ်ပါ။
ကျောက်ကပ်ရောဂါဖြစ်စမှာ ဂရုတစိုက် ဆင်ခြင်နိုင်မှ၊ အချိန်မီ ကုသနိုင်မှ နောက်ထပ်မပျက်စီးမှာပါ။ ကျောက်ကပ်လုံးဝ ပျက်စီးသွားရင် ကျောက်ကပ်ဆေးတာနဲ့ ကျောက်ကပ်အစားထိုးရုံမှအပ နည်းလမ်းမရှိပါ။
ရေးသားသူ - Dr. May Myat Tun